Pages

政治犯が監禁されてる限り 2010年の選挙は 信用できない

Wednesday, February 3, 2010

ခေတ်ဆန်ဖို့မလိုပါ။ ခေတ်မီဖို့သာ လိုပါတယ်။

" ခေတ်ဆန်သူသို့ "

ခေတ်ဆန်သူ တပည့်မတို့
သတိရပေရှာ၊
အဓိက စေတနာငယ်၊
မေကညာခင်ထွေး။
ဆရာမ လွန်ကြင်နာလျှင်၊
သွန်သင်တာ မှတ်တော့ မနှေး။

ကာလဖြင့် ပျက်ချင်ပြီ၊
ဖက်ရှင်တွေရှုပ်ထွေး၊
အရှက်တွင် အဟုတ်ဝေးပါပေါ့၊
လှုပ်လှုပ်ကလေး တုံတုံ။
ဖန်ပေါင်းချောင်ရေအတွင်း၊
ရွှေငါးကြင်း လွတ်သည်သို့ကြုံ။

အင်္ကျီက အပါးစုံသည်၊
အသား ပုံဝါဝင်းလို့၊
ကျပ်တင်းတင်းတရားကွာ၊
ခါးကတစ်ထွာ။

မောင်အဘ အားနာလျှင်၊
မှားတာကို ပြင်ကြစို့လေး။
မြန်မာညွန့်ညှိုး မကုန်အောင်
အမျိုးဂုဏ် ဆယ်ကြစို့လေး

အမည်မသိစာဆိုတစ်ဦး

ဟုတ်ပါတယ်။အထက်က ကဗျာကိုကျမလည်းသဘောကျတယ်။
ရှာရှာဖွေဖွေဖေါ်ပြပေးတဲ့ ကိုမျိုးချစ်ကိုလည်း ကျေးဇူးတင်ပါတယ်။

ကျမအမြင်ပြောရရင်တော့ ခေတ်ဆိုတာ ဆန်တက်စရာ မလိုပါဘူး။
ခေတ်ရေစီးကြောင်းဆိုတာ သူ့ဖာသာသူ အချိန်ကာလအလိုက် ပြောင်းလဲ
စီးဆင်းနေတာမျိုးပါ။ ရေစီးကြောင်းကိုဆန်မယ်ဆိုရင် အများနဲ့ဆန့် ကျင်သွားမယ်၊
မလိုလားအပ်တဲ့ ပင်ပန်းမှုမျိုးတွေလည်း ကြုံရမယ်။ အာလုံးအလယ်မှာ
ထူးထူးခြားခြား ကြောင်တောင်တောင်ကြီးလည်း ဖြစ်နေမှာပဲနော်။

ခေတ်ကို အမှီလိုက်ဖို့ပဲလိုတယ်လို့ထင်ပါတယ်။

ကျမလည်း ငယ်တုန်းကတော့ အူကြောင်ကြားပါပဲ။
ခေတ်ဆန်တာတွေ ခေတ်မီတာတွေကို ဂဃနဏမတွေးခဲ့မိဘူး။

တနေ့..
ကျမရဲ့ အူကြောင်ကြားစိတ်ဓါတ်တွေ ပြောင်းသွားမယ့်နေ့ပေါ့။
ကျမတက်နေတဲ့ ပြင်သစ်ယဉ်ကျေးမှုသင်တန်းကျောင်းက ပြင်သစ်လူမျိုးဆရာက
ဖက်ရှင် အကြောင်းနဲ့ပါတ်သက်ပြီး စာသင်ရင်းနဲ့ ဒီအတန်းထဲမှာလည်း
သူ့နေရာဒေသ၊ရာသီဥတုနဲ့ အချိန်ကိုလိုက်ပြီး ဖက်ရှင်ကျကျ ဝတ်တတ်တဲ့
သင်တန်းသူဆိုလို့ တယောက်ပဲရှိတယ် လို့ပြောတယ်။
အားလုံးက သူလား? ငါလား? ပေါ့လေ။

အဲသည်အချိန်မှာ ဆရာညွှန်ပြလိုက်တဲ့ ကောင်မလေးက ဘယ်သူမှထင်မထားတဲ့
တန်ဖိုးသိပ်မကြီးလှတဲ့ သာမာန်ပေါ့ပေါ့ပါးပါး ချည်သားblouseလေးတွေဝတ်တတ်ပြီး
လွယ်အိတ်လွယ်ပြီး သင်တန်းလာတက်တဲ့ ကောင်မလေးပေါ့။
သူ့နာမည်မှာလည်း နန္ဒာပါတယ်။

ဒါနဲ့ ကျမကလည်း စွာကျယ်တို့ရဲ့ ထုံးစံအတိုင်း ဆရာ့ကို စောဒကတက်မိတာပေါ့နော်။
ဘာဖြစ်လို့ အဲလိုပြောနိုင်ရတာလဲလို့ပေါ့....
သည်မှာတင် ဆရာကရှင်းပြတယ်လေ၊ ပူအိုက်လွန်းတဲ့ ရန်ကုန်နွေခေါင်ခေါင်မှာ
ဂျင်းဘောင်းဘီဝတ်ပြီး သင်တန်းလာတဲ့သူတွေ၊ ပြေးလွှားတွန်းထိုးပြီးတက်စီးရတဲ့ ဘတ်စ်ကား
နဲ့ဘယ်လိုမှ အဆင်မပြေ၊အမြင်မတော်တဲ့ ခွဲကြောင်းရှည်စကတ် ခပ်ကျပ်ကျပ်ဝတ်လာတဲ့သူတွေ၊
ပခုံးမှာသာချိတ်ထားရင် လက်နှစ်ဖက်စလုံးအားပြီး လွတ်လွတ်လပ်လပ် လမ်းလျှောက်နိုင်ပါလျက်နဲ့
သက်သက်မဲ့ လက်ထဲမှာ အလုပ်ရှုပ်ခံ၊ဈေးကြီးပေးရပြီး၊ စာအုပ်နဲ့မင်တံလောက်ကလွဲလို့ တခြားဘာမှ
ထည့်လို့မရတဲ့၊ လွယ်အိတ်မဟုတ်တဲ့ ဖိုင်တွေတကိုင်ကိုင်နဲ့ သင်တန်းလာတက်တဲ့သူတွေနဲ့နှိုင်းစာရင်
အဲသည်ကောင်မလေးကို ကြည့်ရတာအတော့်ကို လွတ်လပ်ပေါ့ပါးပြီး၊နေသာထိုင်သာရှိမယ့်ပုံပေါက်တယ်တဲ့။
မြင်ရသူအဖို့ ငြိမ်းချမ်းသတဲ့....

အဲသည်မှာတင် ဆရာကဆက်ပြောတယ်လေ....
တကယ်ဆို နည်းပညာတွေ၊ အတတ်ပညာတွေတိုးတက်နေတဲ့ ခေတ်ကြီးကို အမှီလိုက်နိုင်အောင် သင်တို့လည်း
ပြင်သစ်ဘာသာစကားကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လာသင်ကြတာမဟုတ်လားတဲ့။
စိတ်ဓါတ်တွေက ခေတ်ကိုမီနေပြီပဲ၊ ဝတ်စားဆင်ယဉ်မှုက ဘာလို့ခေတ်ကိုဆန်ချင်ကြရတာလဲတဲ့...
ခေတ်ကိုဆန်ခြင်းဖြင့် မလိုလားအပ်တဲ့ဆိုးကျိုးတွေပဲ ရနိုင်ပါတယ်တဲ့။ အထူးသဖြင့် အမျိုးသမီးများ
ခေတ်ဆန်လွန်းရင် အန္တရာယ်ကို ဖိတ်ခေါ်နေသလိုပါပဲတဲ့။
ဆရာ့ရဲ့  သရော်သိုလို လှောင်သလိုလို အထင်သေးမှုလည်း ပါနေသလိုလို မခိုးမခန့်  အကြည့်အောက်မှာ အားလုံးလိုလိုဟာ
အဖိုးတန်ဂျင်းဘောင်းဘီကို လောလောဆယ်မှာ ထမီစုတ်နဲ့ပဲဖြစ်ဖြစ် လဲပစ်လိုက်ချင်စိတ်၊ စကတ်အကွဲကြီးတွေကို
ကမန်းကတမ်း အပ်ချည်နဲ့အပ်ပြေးဝယ်ပြီး သီချုပ်လိုက်ချင်စိတ်ဖြစ်ခဲ့ကြရတယ်။

အိမ်ကလူကြီးမိဘတွေကပြောရင် လူကြီးတွေက ခေတ်နောက်ကျနေပြီ၊ ခေတ်ချင်းကတူတာမဟုတ်တော့ဘူး....စသဖြင့်
ဆင်ခြေအမျိုးမျိုးပေးပြီး နားမထောင်ခဲ့တဲ့ ကျမဟာ တိုင်းတပါးလူမျိုးခြားက ပြောလိုက်တော့မှ နာရကောင်းမှန်း သိခဲ့ရတယ်။
ရှက်တတ်ခဲ့တယ်။
အခုဆိုရင် နိုင်ငံခြားတိုင်းပြည်တွေမှာ အကြောင်းအမျိုးမျိုးနဲ့ နေထိုင်နေကြတဲ့ မြန်မာအမျိုးသမီးငယ်လေးများကိုလည်း
ကျမလိုမျိုး နိုင်ငံခြားသားက ပြောလာတော့မှပဲ ကိုယ့်ကိုကိုယ် သတိထားမိတဲ့ အနေအထားမျိုး၊ ခံစားမှုမျိုး မကြုံစေချင်ပါဘူး။

ဟိုပေါ်ဒီပေါ် ပေါ်တယ်ဆိုတာ ခဲရာခဲဆစ်၊ကြံကြံဖန်ဖန်၊နက်နက်နဲနဲ တွေးပြီးရှက်ရတာမျိုးမဟုတ်ပါဘူးနော်၊
ကလေးအတွေးနဲ့တင် ရှက်မယ်ဆိုရင် ရှက်လို့ရပါတယ်။

လွယ်လွယ်နဲ့တိုတိုပြောရရင်တော့ ခေတ်ဆန်ဖို့မလိုပါ။ ခေတ်မီဖို့သာ လိုပါတယ်။

No comments:

Post a Comment