Pages

政治犯が監禁されてる限り 2010年の選挙は 信用できない

Saturday, January 30, 2010

ဒိုင်အိုဂျင်းနစ်၊ မဟာအလက်ဇန်းဒါးနှင့် အမျိုးသားဂုဏ်သိက္ခာ


သူတပါးနိုင်ငံရဲ့ နယ်စပ်မြို့ကလေးတမြို့မှာ ဗမာပြည်သားစစ်စစ် မြန် မာနိုင်ငံသားတွေ သိန်းနဲ့ချီလို့ လာရောက်နေထိုင်လျက် ရှိပါတယ်။ အချို့ကလည်း တရားဝင်အလုပ်သမား အဖြစ်နဲ့၊ အများစုကြီးကတော့ တရားမဝင် ကြုံရာကျဗန်း အလုပ်တွေ လုပ်ကိုင်စားသောက် နေထိုင် ရင်းနဲ့ပေါ့။ အဲဒီလို တရားမဝင် နေထိုင်သူတွေထဲမှာ ကျောင်းဆရာ လေး ကိုသီလ ဆိုသူဟာလည်း တယောက်အပါ အဝင်ပေါ့လေ …။

အဲဒီ နယ်စပ်မြို့ကလေးမှာ ကိုသီလ ကျောင်းဆရာအလုပ်ကို လုပ်ကိုင် စားသောက် ရှင်သန်နေတယ်။ ကျောင်းဆိုတာကလည်း တရားမဝင် ရောက်ရှိနေတဲ့ ဗမာပြည်သားစစ်စစ် ကလေးငယ်လေးတွေအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ တရားမဝင် စာသင်ကျောင်း ကလေးတွေ ဖြစ် တယ်။ ဆရာဆရာမတွေ အနေအထား၊ ကျောင်းသူကျောင်းသားများရဲ့ အခြေအနေ၊ ကျောင်းကလေးတွေရဲ့ ရပ်တည်ရှင်သန် နေရ မှုကို ထူးပြီး ပြောမနေချင်တော့ဘူး။

ကိုသီလ စာသင်တဲ့ ကျောင်းကလေးက အထက်တန်း(ကိုး၊ တဆယ်တန်း အထိရှိတဲ့) ကျောင်းကလေးတကျောင်းဖြစ်တယ်။ ကိုသီလ က သူငယ်တန်းလည်း သင်တယ်။ လိုအပ်ရင် ခုနှစ်တန်း၊ ရှစ်တန်းကိုလည်း အင်္ဂလိပ်စာသင်ပေးတယ်။ ထားပါတော့လေ ကိုသီလက သူ့ဇာတိမြို့ကလေးမှာ တွဲဘက်အလယ်တန်းကျောင်းဆရာ လုပ်ခဲ့ဖူးလေတော့ မသေမရှင် ဖြစ်နေတဲ့ သူ့ကျောင်းဆရာပိုးကလေးကို အသက်ဆက်သွင်းနေတယ် ဆိုရင်လည်း မမှားဘူးပေါ့ဗျာ။

ကိုသီလက နိုင်ငံရေးလည်း ဟိုစပ်စပ်၊ ဒီစပ်စပ်ပတ်သက်ခဲ့ဖူးသူ ဖြစ်တယ်။ ဗမာပြည် မှာတုန်းက ထောင်တန်းလည်း နှစ်အနည်းငယ် ကျခဲ့ဖူးတယ်။ ဆိုတော့ ကိုသီလ စာသင်ရင် သူ့နိုင်ငံရေး အမြင်တွေက တို့တိ တို့တိနဲ့ ပါပါလာတယ်။ တခါတခါမှာ ကလေးတွေကို စာ သင်ကြား ပြောဆိုနေရင်းက အကြောင်းကလည်းတိုက်ဆိုင်လို့ နိုင်ငံရေးနတ်ပူးသွားပြီဆိုရင် ကိုသီလရဲ့ စာသင်ခန်းဟာ နိုင်ငံရေးတ ရားပွဲလို ဖြစ်ဖြစ်သွားတယ်။ ဒီတော့ ကျောင်းမှာ အုပ်ချုပ်တဲ့ လူကြီးတွေ၊ ဆရာမကြီးတွေက မသိမသာတမျိုး၊ သိသိသာသာတမျိုး ရင် တမမနဲ့ ပြောရ ဆိုရတာမျိုး လုပ်ရတော့တယ်။ နိုင်ငံရေးမပါရဘူးလို့ မဆိုလိုပါဘူး၊ များသွားမှာ စိုးလို့ပါ တဲ့လေ …။

တနေ့ ခုနှစ်တန်း အခန်းမှာ ထူးဆန်းတဲ့လူကြီး ဒိုင်အိုဂျင်းနစ်အကြောင်း ( A STRANGE MAN) ကို သင်တော့ ကိုသီလ အတော်ကို အာသွက်နေတော့တယ်။ ဂရိနိုင်ငံသား ဒိုင်အိုဂျင်းနစ်ဟာ သင်္ချာပညာရပ်များကို လူသားတွေအတွက် တွေးတောကြံဆ ဖေါ်ထုတ်ခဲ့ သူဖြစ်တယ်။ လက်ခုပ်နဲ့ ရေသောက်နေရတဲ့ ကလေးငယ်ကိုမြင်တဲ့အခါ ဆရာကြီးဟာ ဟတ်ထိသွားပြီး သူ့သတ္တုရေခွက်ကို အဝေးကို လွင့်ပစ်လိုက်တယ်။ ဒီ့နောက် သူပိုင်ဆိုင်တဲ့ ပိုက်ဆံတွေ၊ အဝတ်အစားတွေ၊ သူ့နေအိမ်ကအစ မရှိနွမ်းပါးသူတွေကို ပေးပစ်လိုက် တယ်။ သူကိုယ်တိုင်က စည်ပိုင်းပြတ်အလွတ်တခုထဲမှာ သွားရောက် နေထိုင်သတဲ့လေ။ တနေ့မှာ နေ့ခင်းကြောင်တောင် လင်းလင်း ချင်းချင်းကြီး မီးထွန်းထားတဲ့ မှန်အိမ်တလုံးကို လက်ကကိုင်လို့ မြို့ထဲက လမ်းတွေပေါ်မှာ လမ်းသလားနေတယ်။ ဒါကို လူတွေက နားမလည်နိုင်လို့မေးတဲ့အခါ ဆရာကြီးရဲ့ အဖြေက `ငါ ရိုးသားမှုရှိတဲ့ လူသားကို လိုက်ရှာနေတာ´ တဲ့။ ဆိုတော့ ဆရာကြီးကို လူတွေ က ဂေါက်နေတယ်လို့ ထင်ကုန်ကြတယ်။

တနေ့တော့ စစ်ပွဲများစွာကို အနိုင်တိုက်လာတဲ့ ဂရိနိုင်ငံရဲ့ ခေါင်းဆောင်ကြီး မဟာဗိုလ်ချုပ်ကြီး အလက်ဇန်းဒါးက ဆရာကြီးသင်္ချာ တွက်နေတဲ့ လမ်းဘေးက သဲပြင်နေရာကို ရောက်လာတယ်။ မဟာအလက်ဇန်းဒါးက ဆရာကြီးကို `မောင်မင်း ဘာလိုချင်နေပါသလဲ ဖြစ်စေရမယ်´ လို့ မိန့်တယ်။ ဒီတော့ ဆရာကြီးက `ငါလိုချင်တာ မင်း ဝေးဝေးဖယ်နေဖို့ပဲ။ မင်း အရိပ်က ငါ့အလုပ်ပေါ်ကိုကျနေတယ်။ ငါမမြင်ရဘူး´ တဲ့။ အံ့ရော …။ ဆရာကြီးရဲ့ ဇက်ပေါ်ကို စစ်နိုင်ဘုရင့် ဓါးသွားများ ကျသွားလေမလားပေါ့။ ကျောင်းသားတွေကလည်း မျက်လုံးကလေးတွေ ဝိုင်းပြီး စိတ်ဝင်စားနေကြတယ်။ အဲဒီမှာ မဟာအလက်ဇန်းဒါး ပြောလိုက်တဲ့ စကားက ပိုလှတယ်။ `ဒိုင်အိုဂျင်း နစ် .. တကယ်လို့ ငါသာ မဟာအလက်ဇန်းဒါး မဖြစ်ခဲ့ရင် ငါ့ ဘဝမှာ ဒိုင်အိုဂျင်းနစ်သာ ဖြစ်လိုက်ချင်ပါတော့တယ်´ တဲ့။

အဲဒီမှာ ပြသနာက စတော့တာပါပဲ။ ကိုသီလရဲ့ ကျောင်းသူကျောင်းသားတွေက မျက်နှာသိပ်မကောင်းတော့ဘူး။ စိတ်ရှုပ်ထွေးနေတဲ့ မျက်နှာတွေ ဖြစ်ကုန်ကြတယ်။ ဒါကို ကိုသီလကလည်း ရိပ်မိတယ်။ မင်းတို့စိတ်ထဲရှိတဲ့အတိုင်း ဒီပုံဝတ္ထုကိုပြောကွာဆိုတော့ တ ယောက်ကစလို့ တတန်းလုံးနီးပါးက တူညီတဲ့အမြင်ကိုပြောကြပါလေရော။ `မဖြစ်နိုင်ဘူး´ တဲ့၊ `ဇက်ပြတ်သွားမှာပေါ့´ တဲ့၊ `ဆရာ .. ဒါပုံပြင်နော် .. တကယ်မဟုတ်ဘူးမလား´ တဲ့။ အဲဒီ မှာ ကိုသီလ စိတ်ထဲနည်းနည်းတင်းကနဲ ဖြစ်သွားတယ်။ တင်းသွားတဲ့စိတ်ကို သတိနဲ့ အသိနဲ့ ထိန်းပြီး ကိုသီလ လှိုက်လှိုက်လှဲလှဲ ကလေးတွေကို ပြုံးပြလိုက်တယ်။ ပြီးတော့ အချိုသာဆုံးအသံနဲ့ ကလေးတွေကို စိတ်ရှည်ရှည် ရှင်းပြပါတော့တယ်။

ဒီပုံဝတ္ထုဟာ တကယ့်အဖြစ်အပျက်ဖြစ်ကြောင်း၊ မဟာအလက်ဇန်းဒါးနဲ့ ဆရာကြီး ဒိုင်အိုဂျင်းနစ်တို့ဟာလည်း ဂရိနိုင်ငံမှာ တကယ်ကို သက်ရှိထင်ရှားရှိခဲ့ကြောင်း စသဖြင့် ကိုသီလ ရှင်းပြတယ်။ အဲ .. အဲဒီလိုရှင်းပြနေရင်းက သမိုင်းမှာ မင်းကျင့်တရားနဲ့ညီတဲ့ အုပ်ချုပ်သူ ဘုရင်၊ အစိုးရတွေရှိခဲ့ကြောင်း၊ အဲဒီ ဘုရင်အစိုးရတွေဟာ ပြည်သူတွေအတွက် စစ်မှန်တဲ့ ဒီမိုကရေစီကို အာမခံပေးခဲ့ကြောင်း၊ အဲဒီ ဘုရင်၊ အစိုးရတွေအုပ်ချုပ်တဲ့ နိုင်ငံတွေမှာ ပြည်သူတွေရဲ့ အမျိုးသားဂုဏ်သိက္ခာဟာ မြင့်မားတင့်တယ်လျက်ရှိခဲ့ကြောင်း၊ မဟာအ လက်ဇန်းဒါးဟာ ဆရာတို့ ဗမာပြည်က လက်ရှိအုပ်ချုပ်နေတဲ့ စစ်အာဏာရှင်၊ စစ်အုပ်စုနဲ့ လုံးဝကို လုံးဝ ဆီနဲ့ရေလို မတူကြောင်း ကျောင်းဆရာ ကိုသီလက သူ့တပည့်တွေကို တနံတလျား ရှင်းပြပါတော့တယ်။

`ဆရာ အမျိုးသား ဂုဏ်သိက္ခာဆိုတာ ဘာကိုပြောတာလဲ ဆရာ´

ကျောင်းသူမ တယောက်က မဝံ့မရဲနဲ့ မေးလိုက်တော့ ကိုသီလ ခမျာ အတော့ကို ပြာသွားတယ်။ သူသိတဲ့ နိုင်ငံရေး စကားလုံးတွေ နဲ့လည်း ကလေးတွေကို ဒုက္ခမပေးချင်ဘူး။ ဖြေလည်း ဖြေရမယ့်မေးခွန်းဖြစ်နေတယ်။ ဆိုတော့ ကိုသီလ စဉ်းစားတယ်။ ဘယ်လို ဥပမာမျိုး ပေးရရင်ကောင်းမလဲပေါ့။ ချက်ချင်းကို ကိုသီလခေါင်းထဲ လင်းကနဲ ဖြစ်သွားတယ်။

`အဟမ်း … အဟမ်း´

ကိုသီလ ချောင်းဟန့်လိုက်တယ်။ သူ့လည်ချောင်းကို ရှင်းတာလား၊ ကလေးတွေ အာရုံစိုက်အောင် လုပ်မိလုပ်ရာလုပ်လိုက် မိတာ လားတော့ မသိဘူး။

`ကဲ ဆရာတို့ မင်းတို့ဟာ ဒီ သူတပါးနိုင်ငံက နယ်စပ်မြို့လေးမှာ ခုလို ရောက်ရှိ နေထိုင်ကြရတာ ကောင်းသလား၊ ပျော်သလား´

`မပျော်ဘူး၊ မကောင်းဘူး´

`ဟုတ်ပြီ၊ မင်းတို့ကျောင်းရှေ့က အမှိုက်ပုံးမှာ ကပ်ထားတဲ့စာ (သတိပေးစာ) ကို ဖတ်မိကြရဲ့လား´

`ဖတ်မိပါတယ်။ အမှိုက်မဖွရ၊ ဖွတဲ့သူ ဒဏ်ငွေ ၂ဝဝဝ-ဘတ် ပါဆရာ´

`ဘာ ဘာသာနဲ့ရေးထားလဲ။ ထိုင်းလိုလား၊ တရုတ်လိုလား၊ အင်္ဂလိပ်လိုလား …´

`ဗမာ ဘာသာတခုထဲနဲ့ပါဆရာ´

`အမှိုက်ပုံးဖွသူတွေကလည်း ဗမာပြည်သားတွေချည်းဖြစ်နေတယ် ဆရာ´

`ကလင် ကလင် ကလင်..´

`ကဲ … မင်္ဂလာပါ ကလေးတို့´

`မင်္ဂလာပါဆရာ၊ ကျေးဇူးတင်ပါတယ် ဆရာ´

ကိုသီလသည် သူ့ကလေးများကို ဒိုင်အိုဂျင်းနစ်လို သတ္တိရှိအောင်၊ သူ့တိုင်းပြည်မှာ ဒီမိုကရေစီကို အာမခံတဲ့ အစိုးရတွေ ပေါ်ပေါက် လာအောင် ဘယ်လို တိုက်ပွဲဝင်ရမယ်ဆိုတဲ့ အကြောင်း သမိုင်းကြောင်းတွေကို မသိမသာတမျိုး သိသိသာသာတမျိုး မိတ်ဆက် သင် ကြားပေးဖို့ စိတ်ထဲမှာ တေးမှတ်ထားလိုက်ပါတော့တယ်။

အဲ… ကိုသီလ စာသင်နေတဲ့ ကျောင်းကလေးတွေ ဆက်လက်ရှင်သန် နေသရွေ့ပေါ့ ….။

ကမာပုလဲ
၂၈၊ ဝ၁၊ ၂ဝ၁ဝ။


No comments:

Post a Comment