Pages

政治犯が監禁されてる限り 2010年の選挙は 信用できない

Saturday, January 30, 2010

စက်သုံးဆီလုပ်ငန်း ပုဂ္ဂလိကလက်သို့ လွှဲပြောင်းမည်

လူငယ်များ တိုးတက်ရေးအတွက် ဆရာဖေမြင့် ဟောပြောမည်


ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံကျော် စာရေးဆရာ ဦးဖေမြင့်သည် လူငယ်များအတွက် ရည်ရွယ်၍ "ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း" ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲကို ယခုလ ၃၁ ရက်နေ့တွင် ရန်ကုန်တွင် ကျင်းပသွားမည် ဖြစ်သည်။

ရန်ကုန်တိုင်း ပန်ပဲတန်းမြို့နယ် အနော်ရထာလမ်းနှင့် ၃၂ လမ်းဒေါင့်ရှိ Knowledge Bank Library & Learning Center ၌ ကျင်းပသွားရန် စီစဉ်ထားခြင်း ဖြစ်သည်။

“စာရေးဆရာဆိုတော့ စာဖတ်တဲ့အကြောင်းက ကျနော်တို့ ပြောဖို့လိုတဲ့အထဲက အဓိက အကြောင်းတခုပေါ့။ အထူးသဖြင့် လူငယ်တွေ ဘဝတိုးတက်ဖို့၊ အောင်မြင်ဖို့အတွက် အထောက်အကူပြုဖို့ စာကို ဘယ်လို၊ ဘယ်ပုံ ဖတ်သင့်တယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့ဗျာ” ဟု စာရေးဆရာ ဖေမြင့်က မဇ္ဈိမကို ပြောသည်။

ဦးဖေမြင့်သည် လူငယ်များအား ဘဝအတွက် အရှုံးမပေးစေရန် စိတ်ဓာတ်ရေးရာ လှုံ့ဆော်သည့် စာအုပ်များ၊ မူရင်းဝတ္ထုတိုများ၊ ဘာသာပြန်ဝတ္ထုတိုများ၊ အတ္ထုပ္ပတ္တိများဖြင့် နာမည်ကျော်လာခဲ့ပြီး ယနေ့အထိ အုပ်ရေပေါင်း ၄၀ ထုတ်ဝေခဲ့ပြီး ဖြစ်သည်။

သူ၏ ကျော်ကြားခဲ့သော စာအုပ်များမှာ ဆေးရုံ၊ အချစ်ဦး၊ လူနာဆောင် အမှတ်ခြောက်၊ ကျွန်းနှင့် အခြား ဝတ္ထုတိုများ၊ အောင်မြင်မှု ချမ်းသာသုခနှင့် ဓနဥစ္စာ၊ စိန်မြေဧကများစွာ၊ မဟာကရုဏာများ၊ ဘာကြောင့် အခုထိ မချမ်းသာသေးတာလဲနှင့် ဘေဘီလုံမှ အချမ်းသာဆုံး ပုဂ္ဂိုလ်များ စသည့် စာအုပ်များသည် လူကြိုက်များလှသည်။

“လူသုံးပစ္စည်း ရောင်းသူများနှင့် အခြားဝတ္ထုတိုများ” စာအုပ်ဖြင့် ၁၉၉၅ ခုနှစ်တွင် အမျိုးသားစာပေ (ဝတ္ထုတို ပေါင်းချုပ်) ဆုကို ရရှိခဲ့သည်။

ဆရာဖေမြင့်သည် ၁၉၄၇ ခုနှစ် ၂၂ နှစ်အရွယ် ဆေးကျောင်းသားဘဝမှစ၍ စာရေးသားခဲ့ပြီး သူ၏ စာအုပ်များကို ယနေ့အထိ လူငယ်များက ကြိုက်နှစ်သက်သဖြင့် လက်စွဲအဖြစ် အသုံးပြုလျက်ရှိသည်။

“မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလားဆိုတဲ့ စာအုပ်ကို အကြိုက်ဆုံးပါပဲ။ အဓိကအားဖြင့် လမ်းပျောက်နေတဲ့ လူငယ်တွေအတွက်၊ စိတ်ဓာတ်ကျပြီး ဘာဆက်လုပ်ရမှန်း မသိတဲ့ လူငယ်တွေအတွက် စိတ်ဓာတ် မြှင့်တင်ပေးတဲ့ အရေးအသားတွေက ကျမကိုယ်တိုင် လမ်းပျောက်တဲ့အခါမှာလည်း အားဆေးတခွက် ဖြစ်စေပါတယ်”ဟု သူ၏ စာဖတ် ပရိသတ်တဦးက မဇ္ဈိမကို ပြောသည်။

ဆရာဖေမြင့်၏ စာအုပ်များမှာ ထိရောက်သည့် အတွေးအခေါ်များ ပေးနိုင်သဖြင့် လူငယ်များ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတွက် အသုံးတည့်ကြောင်း အခြား စာဖတ်ပရိသတ်တဦးကလည်း ပြောသည်။



“ဥပမာ ‘တချောင်းထဲစိတ်’ ဆိုတဲ့ စာအုပ်ကို ဖတ်တုန်းကဆိုရင် အလုပ်လုပ်တာပဲဖြစ်ဖြစ်၊ အကြောင်းကိစ္စ တခုခုမှာပဲဖြစ်ဖြစ် စိတ်ကို တဖြောင့်တည်း ထားရမယ်ဆိုတာကို နားလည်လာတယ်။ အဲဒါက ကျနော့်ဘဝအတွက် အလေ့အကျင့်ကောင်း တခုပဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

အသက် ၆၀ ကျော်ပြီဖြစ်သည့် စာရေးဆရာ ဖေမြင့်ကို အဖ ဦးအောင်ငြိမ်း၊ အမိ ဒေါ်ခင်သိန်းတို့မှ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် မွေးဖွားသည်။ သံတွဲမြို့ အစိုးရ အထက်တန်းကျောင်း အမှတ် (၁) မှ တက္ကသိုလ်ဝင်တန်း အောင်မြင်သည်။ ၁၉၇၅ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ အမ်ဘီဘီအက်စ်ဘွဲ့ ရရှိခဲ့သည်။

၁၉၇၇-ခုနှစ်မှ ၁၉၈၇-ခုနှစ်အတွင်း အထွေထွေကု ဆရာဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ ခုနှစ်အထိ ပြင်ပ အထွေထွေ ရောဂါကု ဆရာဝန်အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ၎င်းနောက်တွင် စာပေလုပ်ငန်း တခုတည်းကိုသာ စူးစိုက်လုပ်ကိုင်ခဲ့သည်။

"စာပေဂျာနယ်" ကို စတင်စီစဉ်သူတဦး ဖြစ်ကာ ဂျာနယ် အမှတ် - ၁၂ အထိ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ ခုနှစ် ဇန်နဝါရီလမှ ၁၉၉၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ "သင့်ဘဝမဂ္ဂဇင်း" အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ "ဒီလှိုင်းမဂ္ဂဇင်း" ၏ အယ်ဒီတာချုပ်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
ကျော်ခ | သောကြာနေ့၊ ဇန်နဝါရီလ ၂၉ ရက် ၂၀၁၀ ခုနှစ်

ဒိုင်အိုဂျင်းနစ်၊ မဟာအလက်ဇန်းဒါးနှင့် အမျိုးသားဂုဏ်သိက္ခာ


သူတပါးနိုင်ငံရဲ့ နယ်စပ်မြို့ကလေးတမြို့မှာ ဗမာပြည်သားစစ်စစ် မြန် မာနိုင်ငံသားတွေ သိန်းနဲ့ချီလို့ လာရောက်နေထိုင်လျက် ရှိပါတယ်။ အချို့ကလည်း တရားဝင်အလုပ်သမား အဖြစ်နဲ့၊ အများစုကြီးကတော့ တရားမဝင် ကြုံရာကျဗန်း အလုပ်တွေ လုပ်ကိုင်စားသောက် နေထိုင် ရင်းနဲ့ပေါ့။ အဲဒီလို တရားမဝင် နေထိုင်သူတွေထဲမှာ ကျောင်းဆရာ လေး ကိုသီလ ဆိုသူဟာလည်း တယောက်အပါ အဝင်ပေါ့လေ …။

အဲဒီ နယ်စပ်မြို့ကလေးမှာ ကိုသီလ ကျောင်းဆရာအလုပ်ကို လုပ်ကိုင် စားသောက် ရှင်သန်နေတယ်။ ကျောင်းဆိုတာကလည်း တရားမဝင် ရောက်ရှိနေတဲ့ ဗမာပြည်သားစစ်စစ် ကလေးငယ်လေးတွေအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ တရားမဝင် စာသင်ကျောင်း ကလေးတွေ ဖြစ် တယ်။ ဆရာဆရာမတွေ အနေအထား၊ ကျောင်းသူကျောင်းသားများရဲ့ အခြေအနေ၊ ကျောင်းကလေးတွေရဲ့ ရပ်တည်ရှင်သန် နေရ မှုကို ထူးပြီး ပြောမနေချင်တော့ဘူး။

ကိုသီလ စာသင်တဲ့ ကျောင်းကလေးက အထက်တန်း(ကိုး၊ တဆယ်တန်း အထိရှိတဲ့) ကျောင်းကလေးတကျောင်းဖြစ်တယ်။ ကိုသီလ က သူငယ်တန်းလည်း သင်တယ်။ လိုအပ်ရင် ခုနှစ်တန်း၊ ရှစ်တန်းကိုလည်း အင်္ဂလိပ်စာသင်ပေးတယ်။ ထားပါတော့လေ ကိုသီလက သူ့ဇာတိမြို့ကလေးမှာ တွဲဘက်အလယ်တန်းကျောင်းဆရာ လုပ်ခဲ့ဖူးလေတော့ မသေမရှင် ဖြစ်နေတဲ့ သူ့ကျောင်းဆရာပိုးကလေးကို အသက်ဆက်သွင်းနေတယ် ဆိုရင်လည်း မမှားဘူးပေါ့ဗျာ။

ကိုသီလက နိုင်ငံရေးလည်း ဟိုစပ်စပ်၊ ဒီစပ်စပ်ပတ်သက်ခဲ့ဖူးသူ ဖြစ်တယ်။ ဗမာပြည် မှာတုန်းက ထောင်တန်းလည်း နှစ်အနည်းငယ် ကျခဲ့ဖူးတယ်။ ဆိုတော့ ကိုသီလ စာသင်ရင် သူ့နိုင်ငံရေး အမြင်တွေက တို့တိ တို့တိနဲ့ ပါပါလာတယ်။ တခါတခါမှာ ကလေးတွေကို စာ သင်ကြား ပြောဆိုနေရင်းက အကြောင်းကလည်းတိုက်ဆိုင်လို့ နိုင်ငံရေးနတ်ပူးသွားပြီဆိုရင် ကိုသီလရဲ့ စာသင်ခန်းဟာ နိုင်ငံရေးတ ရားပွဲလို ဖြစ်ဖြစ်သွားတယ်။ ဒီတော့ ကျောင်းမှာ အုပ်ချုပ်တဲ့ လူကြီးတွေ၊ ဆရာမကြီးတွေက မသိမသာတမျိုး၊ သိသိသာသာတမျိုး ရင် တမမနဲ့ ပြောရ ဆိုရတာမျိုး လုပ်ရတော့တယ်။ နိုင်ငံရေးမပါရဘူးလို့ မဆိုလိုပါဘူး၊ များသွားမှာ စိုးလို့ပါ တဲ့လေ …။

တနေ့ ခုနှစ်တန်း အခန်းမှာ ထူးဆန်းတဲ့လူကြီး ဒိုင်အိုဂျင်းနစ်အကြောင်း ( A STRANGE MAN) ကို သင်တော့ ကိုသီလ အတော်ကို အာသွက်နေတော့တယ်။ ဂရိနိုင်ငံသား ဒိုင်အိုဂျင်းနစ်ဟာ သင်္ချာပညာရပ်များကို လူသားတွေအတွက် တွေးတောကြံဆ ဖေါ်ထုတ်ခဲ့ သူဖြစ်တယ်။ လက်ခုပ်နဲ့ ရေသောက်နေရတဲ့ ကလေးငယ်ကိုမြင်တဲ့အခါ ဆရာကြီးဟာ ဟတ်ထိသွားပြီး သူ့သတ္တုရေခွက်ကို အဝေးကို လွင့်ပစ်လိုက်တယ်။ ဒီ့နောက် သူပိုင်ဆိုင်တဲ့ ပိုက်ဆံတွေ၊ အဝတ်အစားတွေ၊ သူ့နေအိမ်ကအစ မရှိနွမ်းပါးသူတွေကို ပေးပစ်လိုက် တယ်။ သူကိုယ်တိုင်က စည်ပိုင်းပြတ်အလွတ်တခုထဲမှာ သွားရောက် နေထိုင်သတဲ့လေ။ တနေ့မှာ နေ့ခင်းကြောင်တောင် လင်းလင်း ချင်းချင်းကြီး မီးထွန်းထားတဲ့ မှန်အိမ်တလုံးကို လက်ကကိုင်လို့ မြို့ထဲက လမ်းတွေပေါ်မှာ လမ်းသလားနေတယ်။ ဒါကို လူတွေက နားမလည်နိုင်လို့မေးတဲ့အခါ ဆရာကြီးရဲ့ အဖြေက `ငါ ရိုးသားမှုရှိတဲ့ လူသားကို လိုက်ရှာနေတာ´ တဲ့။ ဆိုတော့ ဆရာကြီးကို လူတွေ က ဂေါက်နေတယ်လို့ ထင်ကုန်ကြတယ်။

တနေ့တော့ စစ်ပွဲများစွာကို အနိုင်တိုက်လာတဲ့ ဂရိနိုင်ငံရဲ့ ခေါင်းဆောင်ကြီး မဟာဗိုလ်ချုပ်ကြီး အလက်ဇန်းဒါးက ဆရာကြီးသင်္ချာ တွက်နေတဲ့ လမ်းဘေးက သဲပြင်နေရာကို ရောက်လာတယ်။ မဟာအလက်ဇန်းဒါးက ဆရာကြီးကို `မောင်မင်း ဘာလိုချင်နေပါသလဲ ဖြစ်စေရမယ်´ လို့ မိန့်တယ်။ ဒီတော့ ဆရာကြီးက `ငါလိုချင်တာ မင်း ဝေးဝေးဖယ်နေဖို့ပဲ။ မင်း အရိပ်က ငါ့အလုပ်ပေါ်ကိုကျနေတယ်။ ငါမမြင်ရဘူး´ တဲ့။ အံ့ရော …။ ဆရာကြီးရဲ့ ဇက်ပေါ်ကို စစ်နိုင်ဘုရင့် ဓါးသွားများ ကျသွားလေမလားပေါ့။ ကျောင်းသားတွေကလည်း မျက်လုံးကလေးတွေ ဝိုင်းပြီး စိတ်ဝင်စားနေကြတယ်။ အဲဒီမှာ မဟာအလက်ဇန်းဒါး ပြောလိုက်တဲ့ စကားက ပိုလှတယ်။ `ဒိုင်အိုဂျင်း နစ် .. တကယ်လို့ ငါသာ မဟာအလက်ဇန်းဒါး မဖြစ်ခဲ့ရင် ငါ့ ဘဝမှာ ဒိုင်အိုဂျင်းနစ်သာ ဖြစ်လိုက်ချင်ပါတော့တယ်´ တဲ့။

အဲဒီမှာ ပြသနာက စတော့တာပါပဲ။ ကိုသီလရဲ့ ကျောင်းသူကျောင်းသားတွေက မျက်နှာသိပ်မကောင်းတော့ဘူး။ စိတ်ရှုပ်ထွေးနေတဲ့ မျက်နှာတွေ ဖြစ်ကုန်ကြတယ်။ ဒါကို ကိုသီလကလည်း ရိပ်မိတယ်။ မင်းတို့စိတ်ထဲရှိတဲ့အတိုင်း ဒီပုံဝတ္ထုကိုပြောကွာဆိုတော့ တ ယောက်ကစလို့ တတန်းလုံးနီးပါးက တူညီတဲ့အမြင်ကိုပြောကြပါလေရော။ `မဖြစ်နိုင်ဘူး´ တဲ့၊ `ဇက်ပြတ်သွားမှာပေါ့´ တဲ့၊ `ဆရာ .. ဒါပုံပြင်နော် .. တကယ်မဟုတ်ဘူးမလား´ တဲ့။ အဲဒီ မှာ ကိုသီလ စိတ်ထဲနည်းနည်းတင်းကနဲ ဖြစ်သွားတယ်။ တင်းသွားတဲ့စိတ်ကို သတိနဲ့ အသိနဲ့ ထိန်းပြီး ကိုသီလ လှိုက်လှိုက်လှဲလှဲ ကလေးတွေကို ပြုံးပြလိုက်တယ်။ ပြီးတော့ အချိုသာဆုံးအသံနဲ့ ကလေးတွေကို စိတ်ရှည်ရှည် ရှင်းပြပါတော့တယ်။

ဒီပုံဝတ္ထုဟာ တကယ့်အဖြစ်အပျက်ဖြစ်ကြောင်း၊ မဟာအလက်ဇန်းဒါးနဲ့ ဆရာကြီး ဒိုင်အိုဂျင်းနစ်တို့ဟာလည်း ဂရိနိုင်ငံမှာ တကယ်ကို သက်ရှိထင်ရှားရှိခဲ့ကြောင်း စသဖြင့် ကိုသီလ ရှင်းပြတယ်။ အဲ .. အဲဒီလိုရှင်းပြနေရင်းက သမိုင်းမှာ မင်းကျင့်တရားနဲ့ညီတဲ့ အုပ်ချုပ်သူ ဘုရင်၊ အစိုးရတွေရှိခဲ့ကြောင်း၊ အဲဒီ ဘုရင်အစိုးရတွေဟာ ပြည်သူတွေအတွက် စစ်မှန်တဲ့ ဒီမိုကရေစီကို အာမခံပေးခဲ့ကြောင်း၊ အဲဒီ ဘုရင်၊ အစိုးရတွေအုပ်ချုပ်တဲ့ နိုင်ငံတွေမှာ ပြည်သူတွေရဲ့ အမျိုးသားဂုဏ်သိက္ခာဟာ မြင့်မားတင့်တယ်လျက်ရှိခဲ့ကြောင်း၊ မဟာအ လက်ဇန်းဒါးဟာ ဆရာတို့ ဗမာပြည်က လက်ရှိအုပ်ချုပ်နေတဲ့ စစ်အာဏာရှင်၊ စစ်အုပ်စုနဲ့ လုံးဝကို လုံးဝ ဆီနဲ့ရေလို မတူကြောင်း ကျောင်းဆရာ ကိုသီလက သူ့တပည့်တွေကို တနံတလျား ရှင်းပြပါတော့တယ်။

`ဆရာ အမျိုးသား ဂုဏ်သိက္ခာဆိုတာ ဘာကိုပြောတာလဲ ဆရာ´

ကျောင်းသူမ တယောက်က မဝံ့မရဲနဲ့ မေးလိုက်တော့ ကိုသီလ ခမျာ အတော့ကို ပြာသွားတယ်။ သူသိတဲ့ နိုင်ငံရေး စကားလုံးတွေ နဲ့လည်း ကလေးတွေကို ဒုက္ခမပေးချင်ဘူး။ ဖြေလည်း ဖြေရမယ့်မေးခွန်းဖြစ်နေတယ်။ ဆိုတော့ ကိုသီလ စဉ်းစားတယ်။ ဘယ်လို ဥပမာမျိုး ပေးရရင်ကောင်းမလဲပေါ့။ ချက်ချင်းကို ကိုသီလခေါင်းထဲ လင်းကနဲ ဖြစ်သွားတယ်။

`အဟမ်း … အဟမ်း´

ကိုသီလ ချောင်းဟန့်လိုက်တယ်။ သူ့လည်ချောင်းကို ရှင်းတာလား၊ ကလေးတွေ အာရုံစိုက်အောင် လုပ်မိလုပ်ရာလုပ်လိုက် မိတာ လားတော့ မသိဘူး။

`ကဲ ဆရာတို့ မင်းတို့ဟာ ဒီ သူတပါးနိုင်ငံက နယ်စပ်မြို့လေးမှာ ခုလို ရောက်ရှိ နေထိုင်ကြရတာ ကောင်းသလား၊ ပျော်သလား´

`မပျော်ဘူး၊ မကောင်းဘူး´

`ဟုတ်ပြီ၊ မင်းတို့ကျောင်းရှေ့က အမှိုက်ပုံးမှာ ကပ်ထားတဲ့စာ (သတိပေးစာ) ကို ဖတ်မိကြရဲ့လား´

`ဖတ်မိပါတယ်။ အမှိုက်မဖွရ၊ ဖွတဲ့သူ ဒဏ်ငွေ ၂ဝဝဝ-ဘတ် ပါဆရာ´

`ဘာ ဘာသာနဲ့ရေးထားလဲ။ ထိုင်းလိုလား၊ တရုတ်လိုလား၊ အင်္ဂလိပ်လိုလား …´

`ဗမာ ဘာသာတခုထဲနဲ့ပါဆရာ´

`အမှိုက်ပုံးဖွသူတွေကလည်း ဗမာပြည်သားတွေချည်းဖြစ်နေတယ် ဆရာ´

`ကလင် ကလင် ကလင်..´

`ကဲ … မင်္ဂလာပါ ကလေးတို့´

`မင်္ဂလာပါဆရာ၊ ကျေးဇူးတင်ပါတယ် ဆရာ´

ကိုသီလသည် သူ့ကလေးများကို ဒိုင်အိုဂျင်းနစ်လို သတ္တိရှိအောင်၊ သူ့တိုင်းပြည်မှာ ဒီမိုကရေစီကို အာမခံတဲ့ အစိုးရတွေ ပေါ်ပေါက် လာအောင် ဘယ်လို တိုက်ပွဲဝင်ရမယ်ဆိုတဲ့ အကြောင်း သမိုင်းကြောင်းတွေကို မသိမသာတမျိုး သိသိသာသာတမျိုး မိတ်ဆက် သင် ကြားပေးဖို့ စိတ်ထဲမှာ တေးမှတ်ထားလိုက်ပါတော့တယ်။

အဲ… ကိုသီလ စာသင်နေတဲ့ ကျောင်းကလေးတွေ ဆက်လက်ရှင်သန် နေသရွေ့ပေါ့ ….။

ကမာပုလဲ
၂၈၊ ဝ၁၊ ၂ဝ၁ဝ။


" ဆောရီးဘဲ ဟေတီ "

ဟိုမှာလဲ ဟေတီ..
ဒီမှာလဲ ဟေတီ..
နေရာတိုင်း ဟေတီ..
အားလုံးမေ့လျော့နေတာက...
ငါချစ်တဲ့ မြန်မာပြည်.....

မြန်မာပြည် မှာ ဘဝတွေ စက္ကန့်တိုင်း ငလျင်လှုပ်နေတယ်..
မြန်မာပြည်မှာ အနာဂါတ်တွေ စက္ကန့်တိုင်းပြိုကျနေတယ်..
မြန်မာပြည် မှာ အိပ်မက်တွေ စက္ကန့်တိုင်းရေနစ်နေတယ်..
မြန်မာပြည်မှာ ရိုးသားမှုတွေ စက္ကန့်တိုင်းမီးရှို့ခံနေရတယ်..
မြန်မာပြည်မှာ လူ့အခွင့်အရေးတွေ စက္ကန့်တိုင်းရိုက်ချိုးခံနေရတယ်..
မြန်မာပြည်မှာ ကလေးငယ်တွေ စက္ကန့်တိုင်း ငတ်မွတ်သေဆုံးနေတယ်.....

စိတ်တော့မရှိနဲ့ ..
ဆောရီးဘဲ ဟေတီ..
နှစ်နဲ့ချီ ငိုကြွေးခဲ့ရ..
ငါ့မျက်ရေတွေ ကုန်သွားပြီ.....

ကိုမျိုးချစ်မြန်မာ၏ခံစားမှု။

Wednesday, January 27, 2010

ဆင်မလိုက်ဈေးကို နိုင်ငံတကာ အဆင့်မီ ဈေးအဖြစ် တည် ဆောက်

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် အတွင်းရှိ ဆင်မလိုက် ဈေးကို နိုင်ငံ တကာ အဆင့်မီ လူနေ တိုက်ခန်းများ ပါသည့် အဆင့်မြင့်ဈေး အဖြစ် ပြောင်းလဲ တည်ဆောက်ခြင်းကို ယခုလ အတွင်း စတင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြောသည်။ အဆိုပါ အဆင့်မြင့် ဈေးကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက် အအုံဌာနမှ တာဝန်ယူ တည်ဆောက်သွား မည်ဖြစ်ပြီး ကြာမြင့် ချိန် ခြောက်လ သတ်မှတ်ထားသည်။

ယခင်က ကွမ်းခြံဈေးဟုခေါ်သည့် အဆိုပါဈေးတွင် လက်ရှိရောင်းချနေသူ များအနေဖြင့် ဆိုင်ခန်းငှားရမ်းခကို ထပ်မံပေးဆောင်ရန် လိုအပ်မည်မဟုတ် ကြောင်း ၎င်းက ပြောသည်။

ဈေးအား ယခုလ ဒုတိယပတ်အတွင်း စတင်ဖျက်သိမ်းမည်ဖြစ်ပြီး ဈေး ဆက်လက်ရောင်းချနိုင်ရန်အတွက် အဆိုပါဈေးအနီးတွင် ယာယီနေရာ များ သတ်မှတ်ပေးထားမည်ဖြစ်သည်။

ရှစ်ထပ်ပါဝင်မည့် အဆိုပါဈေးတွင် ပထမထပ်မှ ဒုတိယထပ်အထိ ဆိုင်များ နှင့် ၀န်ဆောင်မှုစင်တာများ ပါဝင်မည် ဖြစ်ပြီး ကျန် အထပ်များကို လူနေတိုက် ခန်းများအဖြစ် သတ်မှတ်သွားမည်ဖြစ် ကာ စုစုပေါင်း လူနေတိုက်ခန်း ၂၀ ပါဝင်မည်ဖြစ်သည်။

ထို့ပြင် ကား ၁၂၂ စီး ရပ်နားနိုင်မည့် ကားရပ်နားဝင်းတစ်ခုလည်း ပါဝင်မည် ဖြစ်သည်။

ဆင်မလိုက်ဈေးသည် ယခင်က ဈေးရုံခုနစ်ရုံ ပါဝင်ကာ မှတ်ပုံတင် ဆိုင်ခန်းပေါင်း ၄၅၆ ခန်းရှိပြီး သွပ်မိုးနှင့် ကွန်ကရစ်ကြမ်းခင်း အမျိုးအစား ဖြစ်သည်။

ယခုတည်ဆောက်မည့် ဈေးဝယ် စင်တာတွင် နဂိုမူလရှိသည့်အရေအတွက် အတိုင်းသာ တည်ဆောက်သွားမည် ဖြစ်ကြောင်း ဗိုလ်မှူးချုပ်အောင်သိန်းလင်း က ပြောသည်။
မျိုးမျိုး